ပညာရှိ သူတော်ကောင်းများ၏ စံနမူ ယူရမည့်
မြင့်မြတ်သော နှလုံးသွင်းပုံများ
~~~~~~~~~~~~~~~~~~~~~~~~~~
မဟာဂန္ဓာရုံဆရာတော်နှင့် မိုးကုတ်ဆရာတော်
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
အမရပူရမြို့တော်၌ နေနှစ်စင်း ပြိုင်တူထွက်၍ အလင်းရောင်တွေ ဖြန့်ကျက်သကဲ့သို့ မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး တို့သည် သက်တူရွယ်တူ မွေးခုနှစ်တူဖြစ်ကြသည့်အားလျော်စွာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြိုင်တူ သာသနာပြုတော်မူခဲ့ကြသည်။
မဟာဂန္ဓာရုံဆရာတော်ကြီးသည် တစ်ဘ၀လုံး ပိဋကတ်ကျမ်းစာတွေထဲ စိတ်ကိုနှစ်ထားပြီး တစ်ဘ၀လုံး ကျမ်းစာတွေရေးသားခဲ့သည်။ ပရိယတ်သာသနာတော်ကြီး မယိုင်မလဲ ခိုင်မြဲအောင် သာသနာပြုတော်မူခဲ့၏။ ဆရာတော်ကြီးရေးသားခဲ့သော ကျမ်းစာအုပ်များကို (မျိုးမတူတွေကိုပင်) စုပေါင်း၍ ထပ်ထားပါလျှင် မြင့်မားထွားကျိုင်းသော သူ၏အရပ်ထက်ပင် မြင့်နေသေးသည်။
မိုးကုတ်ဆရာတော်ကြီးသည်ကား သစ္စာတရားတော်များကို နှုတ်တော်ဖြင့်ထုတ်ဖော်ဟောပြော၍ ပဋိပတ်သာသနာကို ဦးစိုက်ပြုတော်မူခဲ့သည်။ မဟာဂန္ဓာရုံဆရာတော်ကြီးသည်ကား ကလောင်ဖြင့်ရေးသား ၍ ပရိယတ်သာသနာကို ဦးစိုက်ပြုတော်မူခဲ့သည်။ သာသနာတော်ကြီးမှာ ကြောင့်ကျမဲ့ နေတော်မမူကြဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သာသနာပြုတော်မူခဲ့ကြ၊ စောင့်ရှောက်တော်မူခဲ့ကြသည်။
မိုးကုတ်ဆရာတော်ကြီးသည် သက်္ကရာဇ် ၁၂၆၁-ခု၊ နတ်တော်လပြည့်ကျော် (၁၁) ရက်(ခရစ်နှစ် ၁၉၀၀- ပြည့်၊ ဖေဖော်ဝါရီလ (၂၇) ရက်) ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူ၍ မဟာဂန္ဓာရုံဆရာတော်ကြီးထက် (၂)လနှင့် (၂)ရက် ကြီးတော်မူသည်။ ရဟန်းဖြစ်သောအခါ၌ကား မဟာဂန္ဓာရုံဆရာတော်ကြီးက မိုးကုတ်ဆရာတော်ကြီးထက် (၃)လနှင့် (၂၃)ရက် လပိုင်းမျှ ကြီးတော်မူသွားပြန်ပါသည်။ ဤကဲ့သို့ သက်တူရွယ်တူ ဖြစ်ကြသည့် အားလျော်စွာ တစ်ပါးနှင့်တစ်ပါးလည်း အပြန်အလှန် လေးစားတော်မူခဲ့ကြသည်။
မိုးကုတ်ဆရာတော် မိုးကုတ်မြို့မှ အမရပူရသို့ ပြန်မလာသေးမီအတွင်းက မဟာဂန္ဓာရုံကျောင်းတိုက်ထဲ၌ ဥပုသ်နေ့များတွင် တရားပွဲရှိသည်။ မဟာဂန္ဓာရုံဆရာတော်ကြီးကိုယ်တိုင် ဟောတော်မူခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ ဒကာ ဒကာမများ အချိန်အလဟဿ မကုန်ဆုံးစေရန်နှင့် ရသင့်ရထိုက်သော အသိဉာဏ်များ ရကြစေရန် ဖြစ်ပေသည်။
မိုးကုတ်ဆရာတော်ကြီး အမရပူရသို့ ပြန်လည်ရောက်ရှိလာပြီးနောက် တရားပွဲများ စတင်ကျင်းပ ဟောပြောစ ပြုလေသောအခါ မဟာဂန္ဓာရုံဆရာတော်ကြီးက
“ကဲ . . ဒကာ ဒကာမတို့၊ ဥပုသ်နေ့များ၌ ဘုန်းကြီး တရားဟောပေးနေတာက ဒီမြို့မှာ ဟောမယ့်သူ မရှိသေးလို့ ဟောနေတာ၊ အခု မိုးကုတ်ဆရာတော် မင်္ဂလာတိုက်မှာ ဟောနေပြီလို့ကြားရတယ်။ အဲဒီသွားနာကြ။ ဘုန်းကြီးမှာ ကျမ်းစာပြုစုနေရတဲ့ ကိစ္စတွေရှိသေးတယ်၊ မအားလပ်ပါဘူး။ ဒီကရှေ့ ဘုန်းကြီးရဲ့တရားပွဲကို ရပ်လိုက်တော့မယ်” ဟု အမိန့်ရှိတော်မူလေသည်။
စာပေအလုပ်၊ တရားအလုပ်ကို တစိုက်မတ်မတ် ပြုလုပ်အားထုတ်နေကြသော သူတော်ကောင်းတို့အား ဣဿာမစ္ဆရိယ စသော ကိလေသာရန်သူတို့သည် ထိုးနှက်တိုက်ခိုက်နိုင်ဖို့ အင်အားမရှိကြတော့ပါချေ။
မဟာဂန္ဓာရုံဆရာတော်ကြီးသည် လွန်စွာလောဘနည်း ရောင့်ရဲတော်မူသည်။ တစ်ခါသော် ဆရာတော်ကြီး၏ ကျန်းမာရေး စိတ်မချရသော အချိန်ဖြစ်သည်။ ထိုနေ့က အအေးဓာတ်လွန်ကဲသဖြင့် ချမ်းစိမ့်နေသည်။ ယောဂီဒကာမကြီးဒေါ်စုစုက -
“အေးလှပါသည်ဘုရား၊ ဆရာတော်၏ကျန်းမာရေးအတွက် အနွေးကိရိယာ တပ်ဆင်ပါရစေ” ဟု လျှောက်ထား၏။ ထိုအခါ ဆရာတော်က -
“ရှေးက သူတော်ကောင်းကြီးတွေ တောထဲတောင်ထဲမှာ ဘယ်သူက အနွေးကိရိယာ တပ်ဆင်ပေးလိမ့်မလဲ၊ ဒီလိုပဲ ရာသီဥတုဒဏ် သည်းခံပြီး ကိုယ့်တရားနဲ့ကိုယ် နေသွားကြတာ၊ ခွင့်ပြုလို့မဖြစ်ဘူး၊ ဘုန်းကြီးတို့က ခွင့်ပြုလိုက်ရင် နာမည်ကြီးတဲ့သူတွေ လုပ်သမျှ နောက်ကလိုက်ပြီး အတုခိုးကြကုန်ရော၊ ဒီလိုနဲ့ သာသနာတော်ကြီးအပေါ် အထင်သေးခံရတာ၊ မဖြစ်ဘူး” ဟူ၍ ပယ်မြစ်တော်မူလေသည်။ ဆရာတော်ထံတွင် ရေခဲသေတ္တာ၊ ပန်ကာ၊ ဆိုဖာထိုင်ခုံ စသော ခေတ်မီ အသုံးအဆောင်များ ဘာမျှမထားရှိပါ။
တစ်ခါကလည်း သူဌေးမိသားစုတစ်စုက နိုင်ငံခြားမှ အကောင်းစားမုန့်တွေဝယ်လာပြီး ဆရာတော်ကြီးအား ကန်တော့ကြသည်။ ထိုအခါ ဆရာတော်ကြီးက -
“ဘုန်းကြီးကို ခုလို အကောင်းစားမုန့်တွေလှူမယ့်အစား သံဃာတွေဘုဉ်းပေးဖို့ ပဲလှော်လှူစေချင်တယ်” ဟူ၍ မိန့်တော်မူလေသည်။ ဤနေရာတွင် မဟာဂန္ဓာရုံ ဆရာတော်ကြီးနှင့် မိုးကုတ်ဆရာတော်ကြီးတို့ ကွဲလွဲပုံ ကလေးတင်ပြပါမည်။
တစ်ခါသော် အမရပူရမြို့မှ ဗန်ကောက်အထည် စက်ပိုင်ရှင် ဆရာကြွယ်သည် မိုးကုတ်ဆရာတော်ကြီးအတွက် ရည်ရွယ်၍ အကောင်းစား ဗန်ကောက်သင်္ကန်း တစ်စုံယူလာ၍ ဆက်ကပ်လှူဒါန်းလေသည်။
ထိုအခါ ဆရာတော့်အနီးတွင် ရင်းရင်းနှီးနှီးဖြင့် ၀ိုင်းထိုင်၍ စကားပြောနေကြသော ဒကာ လေး-ငါးဦး ရှိကြသည်။ ထိုအထဲမှ ဒကာတစ်ဦးက - “ဒါမျိုးဆိုရင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသတို့ကတော့ လက်မခံဘူးဘုရား” ဟု ၀င်၍ လျှောက်လေသည်။
ထိုအခါ မိုးကုတ်ဆရာတော်ကြီးက - “ဒါက စိတ်သာ ပဓာနပါဗျာ၊ ကဲ . . သင်္ကန်းကိုချေလိုက်စမ်း ဒကာကြွယ်” ဟု မိန့်တော်မူသည်။
အသစ်ကျပ်ချွတ်ကြီး ဖြစ်နေသောကြောင့် မာကြောကြော ဂေါက်ဂတ်ကြီးဖြစ်နေ၍ ချေပေးရသည်။ ချေပြီးသောအခါ ဆရာတော်ကြီးက ထပြီး လဲဝတ်တော့သည်။
အမှတ်တမဲ့ကြည့်ပါက ဆန့်ကျင်ဘက် “ရွဲ့” သလို လုပ်သည်ဟု ထင်ဖွယ်ရှိသည်။ သို့သော် မဟုတ်ချေ။ ဤနေရာတွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရည်ရွယ်ချက်မှာ “အနာမရှိသောလက် အဆိပ်မတက် သလို” ဟူသော သဘောကို ပြလိုဟန်တူပါသည်။
ကုက္ကုဋမိတ်္တမုဆိုးကြီး၏ ဇနီးသည် အိမ်ရှင်မ ကောင်းပီသသည်။ သောတာပန် တည်ပြီးသူလည်းဖြစ်သည်။ မုဆိုးကြီးက သားကောင်၊ ငှက်ကောင်တို့ကို ထောင်၍ကျွေးသည်။ မုဆိုးကြီး တောလည်ထွက်ခါနီးတွင် ဇနီးက လေးယူပေးရ၊ မြားယူပေးရ၊ ကျော့ကွင်းယူပေးရ စသည့်အလုပ်တွေ လုပ်ပေးရသည်။
“ဤကိစ္စ၌ သောတာပန်မ အပြစ်မရှိဘူးလား” ဟု စောဒကတက်ကြသည်။ အဖြေက “အပြစ်မရှိပါ” ဟူ၍ ဖြစ်သည်။ အကြောင်းကား အိမ်သူမတို့၏ ၀တ္တရားအရ ပြုလုပ်ပေးခြင်းသာဖြစ်၏။ သားငှက်တိရစ္ဆာန်တွေ သေစေလိုသောစိတ်ထား သူမ၌ မရှိပေ။ အနာမရှိသောလက် အဆိပ်မတက်ဟူသောသဘောဖြစ်သည်။
ဆရာတော်ကြီး နှစ်ပါးသည် ယူဆပုံချင်း ကွဲလွဲသော်လည်း သူ့နည်းနှင့်သူ မှန်ကြသည်ချည်းဖြစ်၏။ မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဆိုလိုရင်းကား ကျောင်းတိုက်တာကြီးတစ်ခု၏ ဦးစီးဆရာတော် ကိုယ်တိုင်က ဗန်ကောက်သင်္ကန်းကြီး တရွှမ်းရွှမ်းနှင့် ၀တ်နေလျှင် ကိုယ့်လက်အောက်က ကျောင်းဘုန်းကြီးတွေ၊ စာချဘုန်းကြီးတွေ၊ စာသင်သားတွေပါ လိုက်ပြီးဝတ်ကုန် ကြတော့မည်။ အဲဒီအခါ သူတို့ဆိုင်ရာ ဒကာ ဒကာမတွေက ဗန်ကောက်သင်္ကန်း၊ ပိုးသင်္ကန်း၊ ဖဲသင်္ကန်းတွေ မရ,ရအောင်ဝယ်၍ လှူကြရတော့မည်။ သူများနည်းတူအောင် လိုက်ကြတော့မည်။ ဒါဟာ ကုန်သင့်သည့် အတိုင်းအဆထက် ပို၍ကုန်သွားခြင်းဖြစ်သည်။ တိုင်းပြည်အတွက် ငွေယိုပေါက်တွေ ဖြစ်သည်။ တိုင်းပြည်အတွက် နစ်နာသည်။ ဤသို့သော ရည်ရွယ်ချက်ကြောင့် အကောင်းစားဗန်ကောက်သင်္ကန်းမျိုးကို လက်မခံခြင်း ဖြစ်သည်။ ဆရာတော်ကြီးနှစ်ပါးသည် သူ့နည်းနှင့်သူ မှန်ကြသည်ချည်းသာတည်း။
ကောဇာသက္ကရာဇ် ၁၃၂၄- ခု၊ သီတင်းကျွတ်လ ပြည့်ကျော် (၄)ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ (၁)နာရီမိနစ် (၂၀)အချိန်သည် အမရပူရ၌ နေတစ်စင်းကွယ်သော နေ့ဟုဆိုရမည်ထင့်။ မိုးကုတ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီ ဟူသောသတင်းသည် အရပ်ဆယ်မျက်နှာပတ်လုံး အုန်းအုန်းကြွက်ကြွက် ဂယက်ရိုက်သလို သတင်းတွေ ပြန့်နှံ့သွားသည်။
ထိုအခါ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက သူ၏တပည့် သံဃာတော်များကို ဤသို့မိန့်တော်မူသည်။
“တပည့်အပေါင်းတို့၊ ယခု မင်္ဂလာကျောင်းတိုက် ကြီးမှ မင်္ဂလာဆရာတော်ကြီး ဦးဝိမလ ပျံလွန်တော်မူပြီတဲ့။ သည်ဆရာတော်ကြီးဟာ ဘုန်းကြီးတို့နဲ့သက်တူရွယ်တူပဲ။ အဘိဓမ္မာ ည၀ါအကျော် ဆရာတော်ကြီး။ တစ်နိုင်ငံလုံး နာမည်ဟည်းတဲ့ပုဂ္ဂိုလ်ကြီး၊ သီလ၊ သမာဓိ ပညာ သိက္ခာသုံးစုံ ကုံလုံကြွယ်ဝတဲ့ အဓိကရဆရာတော်ကြီး။ ယခုနောက်ပိုင်းမှာ ၀ိပဿနာတရားတွေ ဟောကြားတော့လည်း ပျားပန်းခပ်သလို ကြည်ညိုဝိုင်းအုံ ပရိသတ်တွေ အများဆုံးစုံတဲ့ ပုဂ္ဂိုလ်ကြီးပဲ။ သူ့တရားကို အများက ကြည်ညို၊ သူညွှန်ကြားသလို လိုက်နာကြတယ်။ လေးစားအပ်တဲ့ ဆရာတော်ကြီးပဲ၊ အဲဒါကြောင့် သတင်းသွားမေးကြရအောင်”
“ယဉ်ကျေးတဲ့အသိုင်းအ၀ိုင်း၊ အလိုက်သိတဲ့ သီတင်းသုံးဖော်တို့ဆိုတာ ထုံးစံရှိတယ်။ မေးရတယ်။ စွမ်းနိုင်သမျှ ကူညီရတယ်။ ကဲ . . ကျောင်းစောင့်အဖြစ် တစ်ကျောင်းလျှင် တစ်ပါးလောက်ချန်ထားပြီး အကုန်သွားကြမယ်” ဟူ၍မိန့်တော်မူပြီး ထိုနေ့ညနေပိုင်း၌ ဆရာတော်ကြီးဦးဆောင်၍ သံဃာတော်(၅၀၀)ခန့်မျှ သင်္ကန်းတွေကိုယ်စီရုံပြီး ယပ်တွေကိုယ်စီထမ်းကာ စဉ်တန်းလျက် တစ်စဉ်တစ်တန်းကြီး ကြွတော်မူလာကြသည်။ ရောက်သောအခါတွင်လည်း ဆရာတော်ကြီးက ဒကာ ဒကာမအများ သောကတွေမပွားဖို့ (မိုးကုတ်ဆရာတော်ကြီး ဆုံးမထားသည့်အတိုင်း) ကိုယ့်တရား ကိုယ်ထိန်း၊ အပူတွေသိမ်းနိုင်အောင် သံဝေဂဓမ္မတို့ကို မိန့်ဟဟောမြွက်တော်မူလေသည်။
သံဝေဂလင်္ကာ
-----------------
အသက်စည်းစိမ်၊ ခန္ဓာအိမ်ကား၊ တိမ်တစ်ခနက်၊ ကြည့်ရင်းပျက်သို့၊ မျက်စိအောက်တွင်၊ ပျောက်လွင့်စင်၏။ သင်္ခါရစက် သူ့ပိုင်နက်သို့၊ သွက်သွက်လည်ကာ၊ လိုက်ရရှာသည်
ခန္ဓာ အနိစ္စပါတကား
ခန္ဓာ ဒုက္ခပါတကား
ခန္ဓာ အနတ္တပါတကား။
(ဆရာတော်ကြီးတစ်ပါး)
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
မုဒိတာ(ရွှေစည်မြေ)
{{{ ၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း အတွဲ (၁၇)၊ အမှတ် (၁၁) }}}
----------------
ဆရာတော်ကြီးနှစ်ပါးတို့၏
သီလ , သမာဓိ ,ပညာဂုဏ်တို့အား
ရိုသေစွာ ဦးခိုက်ပူဇော်
ကန်တော့ပါသည် အရှင်ဘုရား ...
Wednesday, March 8, 2017
Subscribe to:
Post Comments (Atom)
အခြေခံစကားများလေ့လာရန်...(. မယ်/ဘူး.)စကားစုများ ..၁ ไปไหม ပိုင်မိုင်.... သွားမလား ไป(ပိုင်) သွားမယ် ไม่ไป.(မိုင့်ပိုင်)မသွာူဘူး ...
-
မိဘတွေကို မပြောသင့်သော စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကျဉ်ပါနော် ----------------------------------------------------- ...
-
Stative Verbs အသုံးများ ===================== အင်္ဂလိပ်စာ အသုံးများအနက် ကြိယာများကို အမြဲတန်း Passive + ၀ိဘတ် အသုံးပြုရတဲ့ အရာများရှိပါတယ်....
-
" ရဟန်းဘာကြောင့်ပြုရတယ် " လူ့ဘဝဆိုတာ ရခဲတဲ့ ဘဝတစ်ခုပါ ၊ လူ့ဘဝရောက်နေတဲ့သူတွေပဲ ခံယူခွင့်ရှိတဲ့ ရဟန်းဘဝ ဆိုတာ ပိုပြီး ရခဲပါတယ် ၊...
No comments:
Post a Comment